Saturday, October 16, 2010

NDF ဘာတွေလုပ်နေပါသလဲ

ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ပြီး လုပ်နေချင်ပေမယ့် မဖြစ်တော့ဘူးထင်လို့ ရေးပြရခြင်းပါ။
ပထမဆုံး NDF နဲ့ ပတ်သက်ပြီးလူထုကြားက သဘောထားလေးကို ပြောပြချင်ပါတယ်။
လူထုက အစကတော့ NDF ကို  NLD က ခွဲထွက်ခဲ့ပေမယ့် ကြံ့ဖွံ့နဲ့တစည ကို မကြိုက်တော့ မဲပေးဖို့
ရည်ရွယ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့မဟုတ်တာတွေ လုပ်တာကို အတွင်းကျကျ မဟုတ်ပေမယ့် လူထုက ထိုက်သင့်သလောက် သိလာပါတယ်။

ဘာမှမလုပ်လိုက်ရပဲ ကြားထဲက အချောင်အမြတ်ထွက်သွားတာကတော့ ဦးသုဝေတို့ ပါတီပါပဲ။
အခု မဲပေးမယ်ဆိုတဲ့သူ အတော်များများက ဦးသုဝေတို့ပါတီကို ပြောနေကြပါပြီ။
NDF နဲ့ပတ်သက်ပြီး ဒေါက်တာသန်းငြိမ်းရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စည်းရုံးပုံလေးကို ပြောပြပါ့မယ်။စက်တင်ဘာ လဆန်းပိုင်းခန့်က ဒေါက်တာသန်းငြိမ်းက မကွေးတိုင်း/စည်း တစ်ယောက်နဲ့
NLD ဆင်ပေါင်ဝဲအမတ် ဦးခင်မောင်အေး ကိုမှာပါတယ်။ ဆွေးနွေးစရာရှိလို့ လိုက်ခဲ့စေချင်ပါတယ်ပေါ့။
NDF ရုံးခန်းမှာ တွေ့ကြတဲ့အခါ ဒေါက်တာသန်းငြိမ်းက ဦးခင်မောင်အေး ကိုငွေ ၅ သိန်း ထုတ်ပေးပါတယ်။
 ဦးခင်မောင်အေးက ဘာလုပ်ဖို့လဲ လို့ မေးတဲ့အခါ ဒီပိုက်ဆံနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ပြီး
NDF ကနေ ၀င်ပြိုင်ပေးပါလို့ ပြောပါတယ်။ ဦးခင်မောင်အေးက မ၀င်နိုင်ကြောင်း၊

ခင်ဗျားတို့နဲ့ သဘောထားမတူလို့ လမ်းခွဲပြီးဖြစ်ကြောင်းပြောတဲ့အခါ ဒေါက်တာသန်းငြိမ်းက နည်းလို့လား၊
နောက်ထပ် ၅ သိန်းထပ်ပေးမယ်။ ၁၀ သိန်းဆိုရင်တော့ လောက်မှာပါလို့ ပြောပြန်ပါတယ်။

ဦးခင်မောင်အေးက ဘယ်လိုနည်းနဲ့မှ မ၀င်နိုင်ကြောင်းပြောတဲ့အခါမှာတော့ ဒေါက်တာသန်းငြိမ်းက ပိုက်ဆံ ၅ သိန်းကို အတင်းထိုးပေးပြီး၁ ရက်လောက်တော့ စဉ်းစားပါဦးဆို ပြောလို့ ဦးခင်မောင်အေးလဲ ပြန်လာလိုက်ပါတယ်။နောက်နေ့မှာ ဦးခင်မောင်အေး က NDF ရုံးခန်းကိုပြန်သွားပြီး ဒေါက်တာသန်းငြိမ်းကို
ပြောပါတယ်။ သူ့အနေနဲ့ မနေ့ကတည်းက ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း၊
ဒေါက်တာသန်းငြိမ်းက ၁ ရက်လောက် စဉ်းစားပါဦးဆိုလို့ ပိုက်ဆံကို ယူသွားရခြင်းဖြစ်ကြောင်းနဲ့ ယခု ပိုက်ဆံပြန်လာပေးခြင်းဖြစ်ကြောင်းပြောပါတယ်။

ဒေါက်တာသန်းငြိမ်းက ဘာဖြစ်လို့ NDF က မ၀င်ချင်တာလဲ မေးတဲ့အခါ ဦးခင်မောင်အေးက ကျွန်တော်က ခင်ဗျားတို့ကို သစ္စာဖောက်လို့သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ရပ်တည်ချက်၊ ခံယူချက်မတူတဲ့အတွက် လက်တွဲဖို့မဖြစ်နိုင်ကြောင်းပြောပါတယ်။ ပိုက်ဆံ ၅ သိန်းကိုလဲ ပြန်လည်လက်ခံရရှိကြောင်း
လက်မှတ်ထိုးပေးရမယ်ဆိုလို့ ဒေါက်တာသန်းငြိမ်းခမျာ လက်မှတ်ထိုးပေးလိုက်ရပါတယ်။
အစကတော့ အဓိကရန်သူက ကြံ့ဖွံ့ပဲဆိုပြီး ဘာမှမပြောဘဲ နေခဲ့တာပါ။

ဒါပေမဲ့ NDF က တဖြည်းဖြည်း မိုက်ရိုင်းသထက် မိုက်ရိုင်းလာပါတယ်။
ဒီတိုင်းလွှတ်ထားလို့ မရတော့ဘူး မြင်လို့ပါ။ ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်တဲ့ အရှုပ်အရှင်းတွေ ဖြစ်နေတာကို အကိုတို့လဲ ကြားမှာပေါ့။
အခုက သိထားသင့်တယ်ထင်လို့ ပြောပြခြင်းပါ။
ကျွန်တော်ကတော့ လိုအပ်လာရင် ဦးခင်မောင်အေးဆီက စာရွက်ကိုပါယူပြီး တင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ခင်မင်လေးစားလျက်
ပြည်တွင်းမှမိတ်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.